♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Tuesday, August 21, 2012

!@! နားကိုက်ရောဂါထဲက ရင်ဘတ်နာဝေဒနာ !@!

နောက်ကွယ်ကအတင်းအဖျင်းတွေက
ထော်လော်ကန့်လန့်ကြီးကျွန်တော့်နားထဲကို
ခုန်ခုန်ဝင်လာတာ မမိုက်ဘူးဗျာ..။

စိတ်ကြီး ခုခုသွားတယ်.. ။

ကျွန်တော့်ခံစားချက်ကို ကျွန်တော်
ပြန်ကောက်ကောက် .. ကိုင်ပေါက်ပေါက်ပေါ့
ကျွန်တော့် မှာလဲ ပုတုဇဉ် ဗို့အားအပြည့်ရှိတာပဲ ။

ကျွန်တော့် စိတ်ဓါတ်ထဲ ခင်ဗျားသေချာပျော်ဝင်ကြည့်ပါ ..
ကျွန်တော့် ကဗျာဟာ ကျွန်တော်ပဲ..။
ကျွန်တော့်နေထိုင်မူဟာ ကဗျာ ပဲ ။

ခင်ဗျားလဲသိမှာပါ " ၀ " မရှိတဲ့ " ၀ိ "တွေကို...၊

သဒ္ဒါအဟောင်းအနွမ်းတွေနဲ့ ကျွန်တော့် ခေါင်းကို
ပစ်ပစ်ပေါက်တာတော့....မမိုက်ဘူးဗျာ..။
ကျွန်တော်အခါခါ ပြောဖူးသလိုပေါ့
" ကဗျာဆိုတာ စာတတ်တိုင်းဖတ်လို့မရဘူး" ဆိုတာ

စာလုံးပေါင်းတတ်ပြီး ကဗျာမဖတ်တတ်တဲ့ ခင်ဗျားက "ပညာတတ်ကြီး"ပေါ့
တစ်ချို့က ကျွန်တော့် ၀ါကျတွေစားပြီးပြန်အန်ထုတ်တယ်...
ခုများတော့ ဆရာကြီးအထာတွေနဲ့..။

လောလောဆယ် ကျွန်တော့် အရေပြားတွေ အယားမပြေသေးသရွှေ့
တရားမရချင်သေးဘူး..။
ပုတုဇဉ်ပီသချင်သေးတယ်..။
စကားလုံးတွေနဲ့ လေတိုက်ချင်သေးတယ်..။
ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ..။     ။

                                              ဒီလူ(တောင်တွင်းကြီး)

!@#$% ရှော့ခ်ရှိတယ် !@#$%


ကဲ.......
ဘာလုပ်မှာလဲ
ဒါကိုငါမသိဘူး
ဟုတ်တယ်ငါဘာကိုမှမသိချင်ခဲ့တာကြာပြီ
လွတ်လပ်ချင်ပေမဲ့
အဓိပ္ပာယ်ကိုသေချာမသိဘူး
တချို့က ဟုတ်သလိုလို
မဟုတ်သလိုလို စကားခပ်ပါးပါးတွေနဲ့
ငါ့အရိပ်ကိုဝင်ဝင်တိုက်တယ်..
မနေ့ကတော့စိတ်ပေါက်ပေါက်နဲ့
ဂိမ်းထဲမှာလူတွေလိုက်သတ်တယ်
ဟိုးးးးးးနေ့ကတော့ အင်တာနက်ပေါ်မှာမီးပျက်တယ်
ကမ္ဘာပေါ်မှာ မီးတောင်တွေအလုံအလောက်မရှိတာ
ခင်ဗျားးးးးတို့သတိထားမိလား
မှန်ထဲက သဘောထားတွေ
ခွမ်းကနဲကြကွဲတာကောမြင်လိုက်လို့လားးးးးး
သူသူ ကိုယ်ကိုယ် ဆိုမှတော့
သူကလဲသူ ကိုယ်ကလဲကိုယ်ပဲလေ
မဟုတ်လို့လားးးးးး
သေချာပြန်စဉ်းစား
အဲနေ့က မင်းဆီမှာနေသာပေမဲ့
ငါ့ကောင်းကင်မှာတိမ်ထူနေတယ်
ပြောတိုင်းယုံရအောင်
ငါကပုတ်သင်ညိုမှမဟုတ်တာ...
မိမိကိုကိုယ်နှိမ့်ချခြင်းဟာ
အလွယ်ကူဆုံးသောလူထင်ကြီးအောင်
ပြုလုပ်နည်းဆိုတာ မင်းကောငါကောသိတယ်
စိတ်တော့မရှိနဲ့ ကိုယ့်လူ
ဒီကဗျာဖတ်ပြီး ဓါတ်လိုက်သွားရင်တော့
ကိုယ့်ဒေါသနဲ့ကိုယ်ပဲ ... ။     ။

ဒီလူ(တောင်တွင်းကြီး)

# ခေတ် #


သူလိုငါလို ဧကရာဇ်များ
ထင်သာမြင်သာ အမှားများ
ဆန္ဒဗလပွနဲ့ မောဟိုက်မူများ
မပြုံးမရယ် ညနေခင်းများ
မာယာခါးခါးများနှင့်
 အကျော်အခွများတဲ့ခေတ်ကြီးမှာပဲ
ငါ .. လူလုံးလုံးဖြစ်ခဲ့ပြီ ... ၊

ဘင်လာဒင်သေပြီ
ကဒါဖီလဲ မရှိတော့ဘူး
မျက်စိရှေ့တင်ဖြစ်ဖြစ်ပြီး
ပျက်ပျက်သွားတာကိုပဲ
ဖြစ်တည်ချင်နေကျသေးရဲ့....၊

ဘာလဲဟ
ခင်ဗျားသေချာစဉ်းစားပါ
ခင်ဗျားသေချာသုံးသပ်ပါ
ခင်ဗျားသေချာ ...........
ဘယ်လိုလဲ
အဓိပ္ပါယ်မရှိတာလား
အဓိပ္ပါယ်မသိတာလား

မဟုတ်ဘူးမပြောနဲ့လေ
လက်ညှိုးထောင်ပြီးခေါင်းငြိမ့်
ရှေ့ဆက်မသွားနဲ့
ခလုတ်တိုက်မယ်....၊

"အင်း" " ဟုတ်"
ဟာလွဲပြန်ပြီ
အိုင်တီခေတ်ကြီးထဲမှာဒါတွေမလိုဘူး


ကဲပြော...
ခင်ဗျားဘာဖြစ်ချင်လဲ
........................
........................
ဟိုးထား ။     ။

ဒီလူ(တောင်တွင်းကြီး)

*$* သိုးရေခြုံတဲ့အပြုံး *$*


ဘုမသိ
ဘမသိလက်တွဲခဲ့ကြတာမဟုတ်ဘူး
တစ်ယောက်အရည်အချင်းကို
တစ်ယောက်နှလုံးသားနဲ့ဖော်ထုတ်ပြီး
အနစ်နာခံခဲ့ကြတာ...၊
အနေအထားတစ်ခုမှာတော့
ခင်ဗျားလိုရွှေဖားမလုပ်တတ်ခဲ့ဘူး...၊
ချောင်းဆိုးရင်ကြပ်ဖြစ်နေတာ
ခင်ဗျားကျွေးတဲ့ချိုချဉ်တွေကြောင့်မှန်း
ခုမှသတိထားမိတော့တယ်...၊
လိုတုန်းကခေါ်သုံး
မလိုတော့မှပစ်မုန်းးး
ခင်ဗျားလူကြီးလူကောင်းပီသလွန်းပါတယ်...
သံယောဇဉ်အပေးမှားတဲ့ငါ့ရင်ဘတ်က
ပြုံးချင်ယောင်ဆောင်နေတဲ့အမုန်းတွေထက်တော့
ဆေးဘက်ဝင်တယ်...
စကားသံချိုချိုတွေကိုပဲသဘောကျတတ်တာ
 လူသားတွေရဲ့မွေးရာပါဗီဇဆိုရင်တောင်
ငါကတော့ လူဖြစ်ရတာရှက်တယ်..
ဟိုက် ဒီဇတ်လမ်းကြီးကလဲ
မဖြစ်ဖြစ်အောင်လုပ်ကြံထားတဲ့ထူးဆန်းမူတွေဗလပွနဲ့
မျက်စိမှိတ်ထားပေမဲ့ ခံစားတတ်တဲ့အရေပြားတွေဘာမှာသွားထားမှာလဲ
ရိုင်းပြတဲ့စကားလုံးတွေကခေတ်ကုန်သွားတာကြာပြီလေ
ပြောပိုင်ခွင့်ရှိလို့ပြောမယ်ဆိုရင်တောင်ကိုယ့်လိပ်ပြာကိုလုံဖို့လိုတယ်....
တောခြောက်သံမခို့တရို့ကြောင့်
ခင်ဗျားလိပ်ပြာသေဆုံးမသွားပါစေနဲ့....။    ။

မှတ်ချက် ။  ။ ပျင်းပျင်းရှိတာနဲ့အက္ခရာတွေသွန်ချကြည့်တာပါ....

သူငယ်ချင်းအားလုံးကိုလေးစားချစ်ခင်လျှက်
ဒီလူ(တောင်တွင်းကြီး)

!!! ဒါပါပဲ !!!


လူလူချင်းဒေါသတွေနဲ့ပစ်ပေါက်ကြ

မနေနိုင်မထိုင်နိုင်ကြေကွဲကြ

ဆန္ဒတွေပိုက်ပြီး မေတ္တာတရားတွေရိုက်ခွဲကြ

ပြောမှားဆိုမှားအယူဝါဒတွေ ထမ်းပိုးကြ

ဘာမသိညာမသိပျော်ရွှင်ကြ

ဘုမသိဘမသိ အော်ဟစ်ကြ

အပြုံးအတုတွေနဲ့ လက်ဆွဲနှုတ်ဆက်ကြ

ချော်လဲပြီးရောထိုင်ကြ

ငါ့ကိုငါမှ ငါထင်ကြ

အပြိုင်အဆိုင်လက်နက်တပ်ဆင်ကြ

မာနတွေပုခုံးချင်းတိုက်ပြီးလူမဆန်ကြ

ရှေးရိုးတွေရိုက်ချိုးကြ

နည်းပညာတွေတိုးကြတက်ကြနဲ့ပဲ

ကမ္ဘာဆိုတာရွှာဖြစ်သွားတယ် ...။     ။

ဒီလူ(တောင်တွင်းကြီး)

** အ..ရေး..အ..မရရစ်ငသတ်..မြင် **


ခေါင်းတိုက်လို့မ၀င်ဘူးဆိုတာလည်
ခေါင်းမကောင်းလို့ဖြစ်ပါလိမ့်မယ်

စကားလုံးတွေကိုဘာသာစကားက လွတ်လပ်ခွင့်ပေးလိုက်ပြီ

အမှားတချို့လဲ မှန်ထဲခုန်ဝင်သွားကြတယ်.

... ဟော…လုပ်ပြန်ပြီ ဒီမိုကရေစီတဲ့


မြန်မာပြည်ရာသီဥတုနဲ့မကိုက်ပါဘူးဆို

ဘယ်နေရာကစတယ်ဆိုတာ ဘာလဲ သေချာရှင်းစမ်းပါ

ကျွန်တော်စကားနည်းနည်းပြောချင်ပါတယ်

ဘယ်တော့ဆုံးမလဲဆိုတာတော့

မသေသေးလို့  မသိသေးဘူး

စိတ်ဓါတ်ကတော့ရင့်လို့မာလို့…

ပျော်ရမှာလဲပျင်းတယ် အော်ရမှာလဲပျင်းတယ်..

အင်းဟုတ်တယ်…

ဟာ မဟုတ်သေးပါဘူး

သတိထားနေတဲ့ကြားက ချိုချဉ်တွေစားမိပြန်ပြီ…

ဒီအဓိပ္ဖာယ်တွေကိုတော့ ပါးလုပ်ကျင်းမှဖြစ်မယ်.

အသက်ကြီးလာလို့လူ့အသိုင်းအ၀ိုင်းထဲခပ်ကျယ်ကျယ်ဝင်မိတော့

ငါလည်း စကားကြီး စကားကျယ်ပြောတတ်လာတယ်…

တံခါးပိတ်လိုက်လဲ ကိစ္စမရှိဘူး

ငါက ငါ့လွတ်လပ်မူနဲ့ငါပွင့်လင်းပြီး သား…

ခင်ဗျား ကဗျာဖတ်တတ်ပြီလား

“ငါစာတတ်ပါတယ်ကွ”

“အော်…အင်း..”

ယုံလိုက်ပါတယ်..

သံသယ က အမှိုက်ပုံရှေ့က

အမှိုက်မပြစ်ရဆိုင်းဘုတ်ဆိုတာ၊

ညကလည်း မကတတ်ကတတ်နဲ့ကနေရင်းက

အိပ်ပျော်သွားတယ်…

ဒီလိုနဲ့...

ငါ့ကိုယ်ငါပဲ သွန်ချပစ်လိုက်တယ်…။ ။

ဒီလူ(တောင်တွင်းကြီး)

ဘုံ


ကမ္ဘာကြီးက ၀တ်ကျေတန်းကျေ

လည်လို့ပတ်လို့

တချို့ကလဲ ရေမရှိတဲ့ချောင်းမှာ

နှာခေါင်းဖော်လို့..

တစ်ခါနဲ့တစ်လေတွေလဲ

ဘာတွေဖြစ်မှန်းမသိ

မပြော ပဲ သိသိ

မတွေ့ ပဲ မြင်မြင်

ဒီအဆင်က ဒီအဆင်ပဲ

ဆင်သွားတိုင်းသာ လမ်းဖြစ်ကြေးဆို

ဒီလမ်းကိုဆင်တွေပဲမောင်းထည့်လိုက်တယ် ။ ။


ဒီလူ(တောင်တွင်းကြီး)

*!* လူ-အထာ *!*


မနေ့ကပဲ ကိုရီးယားကားအရမ်းကြိုက်တဲ့ကောင်မလေးတစ်ယောက် ကင်ဆာဖြစ်ပြီး

သေသွားတယ်... အစမရှိ အဆုံးမရှိပြောတဲ့စကားလုံးကနေမြင့်လို့ အရူးရင့်သွားတာဖြစ်မယ်.

ခုတစ်လောဒီမိုကရေစီတွေသိပ်ခေတ်စားတာပဲ...သိသိ မသိသိ ဖက်ရှင်တစ်ခုအဖြစ်တော့

ပေါ်ပင်လိုက်ကြတယ်...အော်...လူတွေ .... လူတွေလို့ပြောရအောင်လဲ လူထဲကလူဖြစ်တဲ့

ကျုပ်ကယောက်ျားတန်မဲ့ အခြောက်လုပ်ဖို့သတ္တိမရှိခဲ့ဘူး..ဒီနေ့နေသာတာ မနက်ဖြန်အတွက်

ဘာများ နစ်နာသွားလို့လဲ...ခွေးအကြီးကိုလှည်းနင်းဖို့ခင်ဗျားကျကျနနအကွက်ချထားဖူးလား၊

အငတ်ဘေးနဲ့ကတ်ဘေးကြိုက်တာရွှေးလေ...လူတော်တော်များများထဲ ခင်ဗျားလူတော်များ

ဖြစ်နေမလား...လက်ညှိုးထိုးဖို့ကလွယ်ပါတယ် မိတ်ဆွေ... ခင်ဗျားစိတ်ဓါတ်ထဲကျုပ်ပျော်ဝင်

မနေဘူးဆိုရင် ပြုံးမပြပါနဲ့....

ဒီလူ(တောင်တွင်းကြီး)

ရူးးး


ခင်ဗျားကျုပ်ကိုဘယ်လိုနားလည်လဲ

အပိုအလိုမရှိပြောရရင်... မပြောတော့ဘူး

သူလဲ.....သူမသိ
ငါလဲ......ငါမသိ
ဘုမသိ....ဘမသိနဲ့
မိမရှိ.....ဖမရှိ
စကားလုံးတွေကိုပဲ
လုပ်ချင်သလိုလုပ်
လှန်လိုလှန်....မှောက်လိုမှောက်
ခင်ဗျား မပေါက်သရွှေ့တော့
ဒီကဗျာ ...ဟာသ..ပဲ

ဘာရမလဲတော့မသိဘူး
ငါကွ..ငါကွ..အော်နေတဲ့ဆရာကောင်တွေ
လက်လုပ်လက်စား..ဗလာကောင်တွေ
တနေ့လုပ်တစ်သက်စား...မသာကောင်တွေ

ငါက..ငါယောင်ဆောင်တဲ့တစ်နေ့
ကဗျာက..ကဗျာယောင်ဆောင်တဲ့တစ်နေ့
လှလှပပကြီး..ငိုချင်ယောင်ဆောင်မယ်..။ ။

                                                         ဒီလူ(တောင်တွင်းကြီး)

!#! အမှိုက်မပစ်ရ !#!


ပုတ်သိုးဆွေးမြေ့နေတဲ့
အယူဝါဒအသစ်များ

ရှေ့မှီနောက်မှီစကားလုံးများ

မကြားတစ်ချက် ကြားတစ်ချက် နားများ

ဖွင့်လိုက် ပိတ်လိုက်
ပါးစပ်အပုတ်များ

အညှာမခိုင်တဲ့
လက်သီးလက်မောင်းများ

နှစ်(၅၀)ကျော်ဦးခေါင်းများ

အော်ကြီး ဟစ်ကျယ်

အင်တာနက်

နှင့်

စတုတ္ထမဏ္ဍိုင် ကြီးအားးးး ။ ။

                                    ဒီလူ(တောင်တွင်းကြီး)