♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Tuesday, November 1, 2011

*** တေလေတစ်ယောက်ရဲ့ ခပ်ညံ့ညံ့ကဗျာရှိုး ***

ချစ်သူမြို့တော်ဆိုဒ်မှာ မေလ 25, 2011 8:55pm မှာပထမဆုံးပြသဖူးတဲ့ရှိုးလေးပါ ...




ကျွန်တော်ကိုကျွန်တော်အရင်မိတ်ဆက်ပါရစေ ကျွန်တော်ကတော့ ဒီလူ(တောင်တွင်းကြီး) ဆိုတဲ့ကလောင်နဲ့ကဗျာတွေရေးနေတဲ့ခပ်ညံ့ညံ့ကဗျာသမားတစ်ယောက်ပါ...

ဒါပေမဲ့ကျွန်တော်ရဲ့အညံ့စားကဗျာလေးတွေကိုပဲအမှတ်တရဖြစ်အောင်စုစည်းပြသကြည့်တာပါ ...

အွန်လိုင်းမှာဆိုတော့အချိန်လေးနဲနဲကုန်တာကလွဲလို့ လုပ်လို့ရနေတော့လုပ်ကြည့်လိုက်တာပါဗျာ...

ကျွန်တော်ကဗျာတွေထဲက စာကြောင်းလေးတစ်ကြောင်းကြောင့်သူငယ်ချင်းတို့ရင်ဘတ်လေးခဏလှုပ်ခတ်သွားတယ်

ဆိုရင်ပဲ ၀မ်းမြောက်နေမှာပါ ....

*********************************************************************************************************************************************
ပါးပြင်ပေါ်ကပုံပြင်
ဘာကိုမှအလေးအနက်မထားပဲ
ဘယ်ဝါကျကိုမှချမရေးဘူး။
လက်အားနေလို့ရန်သူကိုလက်စွဲဂုဏ်ပြုလိုက်တယ်။
ကွေ့ကောက်နေတဲ့လူတွေအဖို့
မျဉ်းဖြောင့်ဟာအမှားပဲပေါ့။
မျှော်လင့်ချက်တွေက
သံလွင်မြစ်လိုရေစီးသံနေပြီ။
တစ်ခါတလေ
ဘာကိုမှမယုံကြည်တော့တဲ့
ယုံကြည်မှုမျိုးလည်းရှိရဲ့။
အချိန်ကာလကိုဖျော်ဖြေဖို့ဆိုတာ
ယဉ်ကျေးမှုကိုလိမ်ထားဖို့လိုလိမ့်မယ်။
ဘယ်သူကိုမုန်းတီးရမှန်းမသိတော့
နံရံတွေကိုပဲစိုက်ကြည့်နေမိတယ်။
ဘာကိုမှမဆွဲငင်နိုင်တော့
ကဗျာမရေးဖြစ်တဲ့နေ့တွေမှာလည်း
ငါကသံမဏိလိုနေထိုင်ရမယ်။
လူသားတစ်ယောက်အနေနဲ့
ဘာဆက်လုပ်ရင်ကောင်းမလဲ။
နာရီပျက်တစ်လုံးနဲ့ပဲ
အချိန်တိုက်နေရမလား။
ပါးပြင်ပေါ်ကပုံပြင်အကြောင်းပဲ
စဉ်းစားနေရမလား။
ကဗျာတွေနဲ့ပဲစစ်ကြေငြာလိုက်ရမလား။
လူဖြစ်ခဲ့ပြီးမှလူ့တန်ဖိုးတွေ
တွက်ချက်ရတာပျင်းစရာကောင်းတယ်။ ။

**************************************************************************************************************************
ငါ့ကဗျာ

ဒီလောကမှာ
အနှောင်အဖွဲ့တွေများတယ်...
တန်ဖိုးဆိုတာ
ရေစိုရင်စုတ်ပြဲသွားမှာလား...
မင်းမရှိတဲ့အရပ်မှာမီးတွေလင်းနေတော့
မနေ့ကအကြောင်းတွေရင်ထဲ
ထွန်းမထားချင်တော့ဘူး...
သစ္စာမရှိတဲ့လူတွေကြောင့်
ကမ္ဘာကြီးတောင်နှာဆေး ချောင်းဆိုး
ဖြစ်နေလေရဲ့...
ဒါကိုကဗျာလို့ပြောတယ်
ငါ့မှာသက်သေပြစရာမရှိဘူး ။ ။
********************************************************************************************************************************************
တဖက်သတ်ဝေဒနာ

တိတ်တခိုးရင်ခုန်
ကြိတ်ပိုးရုံသာ
ခိုးခိုးပြီးကြည့်
တိုးတိုးပြီးငြိ

ရင်မှာခံစား
ချစ်များစွာဖြင့်
နှောင်ငြိစွဲလမ်း
အသဲ(အသည်း)ကျွမ်းမှာ
ပူပန်စိတ်များ
သောကပွားလို့
ဖွင့်မပြောပဲ
အသဲ(အသည်း) ကွဲ.....။ ။

*****************************************************************************************************************************************
ချိတ်ပိတ်ရင်ခွင်

စွဲလမ်းမိတဲ့ရင်ခွင်တစ်စုံ
အသည်းကျွှမ်းမိမှာစိုးထိတ်
အမြဲတမ်းမသိအောင်
တိုးတိတ်တိတ်
ရင်ခုန်သံကိုချိတ်ပိတ်
နင်မသိအောင် ကြိတ်မှိတ်...
******************************************************************************************************************************************
ဒိုင်ယာရီကြားက မျက်ဝန်းတစ်စုံ

ပြုံးရောင်သန်းနေတဲ့
မျက်ဝန်းတစ်စုံ
ခဏတာငေးမောခွင့်ပေးပါ...
တစ်ဘ၀စာလို့ပြောရအောင်လဲ
ငါ့မှာ ပိုင်ဆိုင်တာဆိုလို့
ရင်ခုန်သံခပ်ပြင်းပြင်းပဲရှိတယ်...
လက်တွေ့မှာကွာခြားလှတဲ့
အခြေအနေအရပ်ရပ်ကြောင့်
စိတ်ကူးယဉ်ဆန်တဲ့အိပ်မက်တွေလဲ
ထပ်မမက်ချင်တော့ဘူး...
အဲဒီ...မျက်ဝန်းတစ်စုံကိုလဲ
ဒိုင်ယာရီကြားမှာပဲသိမ်းထားလိုက်တော့မယ်။ ။
********************************************************************************************************************************************
အငြင်းဝါကျ(သို့)နောင်တ

ငါ့ရင်ထဲက
ဒုတ်ခနဲ မြည်သွားတဲ့ အသံ
မင်းကြားအောင် ဘယ်လိုလုပ်ရမလဲ
ဘ၀ကို သမရိုးကျ ရင်မခုန်ချင်ရင်
သတ်မှတ်ချက်တွေကို မေ့နိုင်ရမယ်
မရောက်သေးတဲ့အနာဂတ်အတွက်
အဓိပ္ပါယ်တွေကိုကျောခိုင်းခဲ့တယ်
မေ့လိုက်ပါတဲ့
ဘာသဘောလဲ
ငါအသက်ရှင်ချင်သေးတယ်
ဒါပါပဲ သေချာစဉ်းစားမိတော့
ငါ...နောင်တတွေကို
ဈေးကောင်းပေးဝယ်မိပြီပဲ...
********************************************************************************************************************************************
ရက်စက်လေသူ

အပြုံးနဲ့နှိပ်စက် အအိပ်ပျက်အောင်
ပြုရက်လေသူ...
အလွမ်းတွေရက်စက် အနမ်းတွေ
ပျက်ကွက်လေသူ...
နာရီတွေကျန်ခဲ့ ရာသီတွေ
မပြန်ခဲ့လေသူ...
အခက်ဆုံးအခက်အခဲ တစ်သက်လုံးလက်တွဲ
ပျက်လုံးတွေပဲပေးခဲ့လေသူ
အချစ်တွေအစား အပြစ်တွေပွား
အခါးတွေထက် ခါးသက်လေသူ
အသဲအသစ်နဲ့စွဲချစ်ခဲ့တဲ့
တကယ်ချစ်တဲ့ ငယ်ချစ်ကိုမှ
ရက်စက်လေသူ...
အကြံအဖန်မဖြစ်တဲ့ အမှန်အကန်အချစ်ကို
တန်ပြန်အချစ်ကာ အမုန်းတွေပဲပွားခဲ့လေသူ
သြော် ....တကယ်ချစ်တဲ့ ငယ်ချစ်ကိုမှ
ရက်စက်လေသူ....။ ။
********************************************************************************************************************************************
သတိရခြင်းဝါကျများ
ကုန်ဆုံးသွားတဲ့ဆုံတွေ့မှု့တွေ
မယုံကြည်နိုင်တဲ့ယုံကြည်မှု့တွေ
မမြင်နိုင်တဲ့မြင်နိုင်ခြင်းတွေနဲ့အတူ
မင်းကိုလွမ်းတယ်...
ဆုံတွေ့မှု့တွေမရှိပဲသတိရနေတာကို
အလွမ်းလို့ပဲခေါ်ရမလား?
လူချင်းမမြင်ဘူးပဲလွမ်းနေတာကို
သတိရခြင်းလို့ပဲပြောရမလား
ချရေးမိတဲ့အက္ခရာတွေကိုတော့
သတိရခြင်းဝါကျများလို့ခေါင်းစဉ်ပေးလိုက်တယ်။ ။

***************************************
အချစ်ဟုခေါ်သည်
တိမ်တိုက်လိုနေ့စွဲများ
မြင်မြင်သမျှအပြာရောင်များ
ဟိုဒီသွားနေတဲ့ပိုးမွှားများ
အနံ့ခံကောင်းတဲ့ နှာခေါင်းများ
ငါ့နာရီကိုတော့ ၅ မိနစ်မြန်ထားတယ်
မှတ်မိသမျှ အမှား တွေနဲ့
မကြာသေးမှီကနောင်တကို
ရေစီးသန်တဲ့မြစ်ထဲ မျှောချလိုက်ပြီ
မမြင်ရသေးတဲ့မနက်ဖြန်တွေအတွက်လဲ
အားမလျှော့နိုင်ဘူး
မင်းရဲ့အဆုံးအဖြတ် ဂိုး ကို
နောက်ဆုံးမိနစ်အထိမျှော်လင့်နေမယ်
မနာခံတတ်တဲ့စိတ်ဓါတ်တွေနဲ့
ပင်လယ်ပြင်မှာရေငတ်နေပြီ
ခဏတာသေဆုံးခွင့်ပေးပါ။ ။
********************************************************************************************************************************************
G-talkထဲကကျွန်တော့်ချစ်သူ

သူကပဲinviteလိုက်လား
ကျွန်တော်ကပဲaddလိုက်လား
အမှတ်တမဲ့ပါပဲ...
ဆုံတွေ့မှုတွေများလာတော့လဲ
သံယောဇဉ်တွေပွားမိတာပေါ့
စရင်းနောက်ရင်းခေါ်ခဲ့ကြတဲ့
'ချစ်သူ'ဆိုတဲ့အက္ခရာလေးနောက်မှာ
နှလုံးသားကကပ်ပါလာတာ
မသိလိုက်မသိဖာသာပါပဲ
လူချင်းမတွေ့ဖူးပေမဲ့
နှလုံးသားချင်းကတော့
တစိမ်းမဆန်တော့ပါဘူး
G-talkဖွင့်လိုက်လို့
အွန်လိုင်းမှာမင်းမရှိရင်
ငါအလိုလိုပဲinvisible
ဖြစ်ဖြစ်သွားတယ်...
မင်းပြောတဲ့မင်းအကြောင်းတွေ
ဟုတ်ဟုတ်မဟုတ်ဟုတ်ယုံချင်တယ်
တကယ်လို့များတနေ့နေ့မှာဆုံတွေ့ဖြစ်ရင်
G-talkထဲကလိုခေါ်ချင်တယ် 'ချစ်သူ'
*******************************************************************************************************************************************
အလွမ်းဒီဇင်ဘာ
ဒီဇင်ဘာရဲ့နှင်းတွေပုံပြင်ဆန်လိုက်ပုံက
သစ်ပင်တွေရဲ့စိမ်းလန်းမှုကိုနှင်းငွေ့နဲ့
ကိုယ်ရောင်ဖျောက်ထားတယ်....
မင်းလျှောက်တဲ့ခြေလှမ်းတိုင်းကိုလဲ
နှင်းငွေ့တွေကဦးညွတ်ကြိုဆိုလို့...
အချမ်းဒဏ်ကိုငါကြောက်ပေမဲ့
ဆောင်းကိုတော့ငါချစ်တယ်...
အဲဒီနေ့က နှင်းမှုန်တွေကြဲထားလို့
လောကကိုတောင်ခပ်ဝါးဝါးပဲမြင်ခွင့်ရတယ်...
နင့်ခြေသံတွေကိုလက်ခံပေးဖို့လဲ
ငါ့နှလုံးသားကမငြင်းဆိုခဲ့ဘူး...
အဲဒီတုန်းကလူခြေတိတ်တဲ့ကျောင်းဝန်းထဲမှာ
နင်ရယ်ငါရယ်လူတစ်ချို့ရယ်...
တစိမ်းဆန်ခြင်းတွေရယ်အတူရှိခဲ့ကြတယ်နော်...
ခုနင်ဘယ်မှာလဲကောင်မလေးရေ...
ငါမရှိတဲ့ဒေသမှာ ငါမသိတဲ့သူစိမ်းတွေနဲ့
အရင်လိုပဲတစိမ်းဆန်ဆန်နေတတ်ပါစေ...။ ။


******************************************************************************************************************************************
အမှား

နင်ရက်စက်တာမဟုတ်ပါဘူး
ငါကိုကမိုက်မဲ ခဲ့တာပါ
နင်ထားခဲ့တာမဟုတ်ပါဘူး
ငါကိုကရှောင်လွှဲခဲ့တာပါ
အမြင်မှားခဲ့တာမဟုတ်ပါဘူး
နင်ထားခဲ့တာပါ....
မိုက်မဲခဲ့တာမဟုတ်ပါဘူး
နင်ရက်စက်တာပါ...
မင်းမှန်ပါတယ်ချစ်သူ
ငါမမှားခဲ့ပါဘူး...။ ။

******************************************************************************************************************************************
၁၅၀၀ error

ခေါင်းစားတယ်...
ပတ်သက်ဖူးသမျှ၁၅၀၀တွေလဲ
error တွေပဲပြပြနေတယ်
၅၂၈ ကလည်းအနားမှာမရှိဘူး၊
ကိုယ်စောင့်နတ်ကလည်းအိပ်ယာမထသေးဘူး
နှလုံးသား folder လည်း virus ကိုက်သွားပြီ
သက်ပျင်းတွေပဲချချနေရတယ်...
ကဗျာကောင်းကောင်းတစ်ပုဒ်ရေးဖို့
ဦးနှောက်နဲ့ရင်ဘတ်ကို
Network မချိတ်ရသေးဘူး
ဒိတ်အောက်နေတဲ့ငါ့ရင်ဘတ်ကြီးကိုလည်း
update ပြန်လုပ်ရအုန်းမယ်...
သိုးရေခြုံတဲ့ဝံပုလွေတွေငါ့နားမလာနဲ့
အနာဂတ်ကိုကြည့်ဖို့
ပစ္စုပန်ကိုမျက်မှန်တတ်ပေးလိုက်ပြီ
ဒီကဗျာ ဒီမှာပဲ ပုဒ်မချလိုက်ပြီ ။ ။

*******************************************************************************************************************************************
အိမ်လွမ်းလူ

အဝေးကအိမ်ဝေးသူတစ်ယောက်ရဲ့ညစာမှာ
အမေ့လက်ရာမပါပဲရောင့်ရဲရဆဲ............
ငါမရောက်ရှိရာလမ်းလေးထဲ
တမာတွေဝေနေရောပေါ့
ဇာတိကတောင်လိုထွန်းပြီး
ငါကမြစ်လိုသွားတဲ့ခရီးမှာ
မလိုအပ်ရင်အိမ်အပြင်ထွက်ပြေးတတ်တဲ့
ဌက်ဟာငါပဲ............
လိုအပ်ရင်အချိန်မတော်ပြန်လာတတ်တဲ့
သားကို ဖခင်တစ်ဦးရဲ့တံခါးဖွင့်ပေးသံ
နားလည်တတ်ခဲ့ပြီ.....
မြစ်ရေကြီးတဲ့အခါမှ
မိမဲ့ဖမဲ့ကမ်းပြိုသလို ငါလိမ့်ပြိုခဲ့
ခေါ်မကြားအော်မကြား
အဝေးရောက်သားတစ်ယောက်ရဲ့
အကိုင်းအဖျားဟာ ဆတ်ဆတ်ခါခဲ့
ဒီညတော့အိမ်ကိုလွမ်းရင်းပဲ
မိုးလင်းရတော့မယ်......။ ။
******************************************************************************************************************************************
@@@ အလွမ်းအဆွေးကဗျာ @@@

နှစ်ဦးမမြင် ၊ အွန်လိုင်းပေါ်တွင်

ချက်တင်ထိုင်ရင်း ၊ ရင်ခွင်ခြင်းနီး

ချစ်ခြင်းသံစဉ် ၊ တူနှစ်ကိုယ်ငြီးရင်း

အတွေးနယ်ချဲ့ဖူးပါတယ် ။



နှစ်ဦးတွေ့ဖို့ ၊ ရက်ချိန်းများပေး

ထိုထိုနေ့တွင် ၊ ရင်တွင်းလှိုက်ဖို

အကဲပိုရ်ျ ၊ အိမ်မက်များနဲ့လှခဲ့ဖူးပါတယ် ။



နှစ်ဦးဆုံတွေ့ ၊ ထိုနေ့မနက်

ထိုနေ့ရက်တွင် ၊ အကြည့်ချင်းငေးရင်ခွင်အေးနှင့်

ကယောင်ခြောက်ခြားဖြစ်ခဲ့ဘူးပါတယ် ။



နှစ်ဦးတူသွား၊ဒီတံတားပေါ်

ကြယ်တွေထိုင်ငေး ၊ ရင်ခွင်နွေးနှင့်

ချစ်စိတ်ဝေခဲ့ဘူးပါတယ် ။



မြစ်ဧရာနားဘေး ၊ အကြော်ဆိုင်လေးမှာ

ရေပြင်ထိုင်ငေး ၊ ရင်ခုန်သံလေးနှင့်

စိတ်ကူးနုသစ်ခဲ့ဘူးပါတယ် ။



မကွေးတံတားပေါ် နှစ်ဦးပျော်ရ်ျ

ဆိုင်ကယ်စီးရင်း ၊ လည်ပတ်ရင်းနှင့်

ရင်တွေခုန်ခဲ့ဘူးပါတယ် ။



ယခုအခါ ငါ့ဘေးနှားတွင်

မင်းမရှိရ်ျ လွမ်းရင်းဆွေးရင်း

တမ်းတရင်းဖြင့် ကဗျာတစ်ပုဒ်

ရေးဖွဲ့မိပါတယ် ။ ။



************************************************************************************************************************************
!! အနေအထိုင်မတတ်တဲ့ ကဗျာ !!
ခုတလော ဘာဖြစ်နေလဲမသိဘူး



ခေါင်းဆိုတဲ့ ဟာကြီးမူးမူးနေတယ်


မနေ့ကအကြောင်းပြန်စဉ်းစားတော့


ဒီနေ့ဆိုတာကြီးက လှောင်ပြုံးပြုံးပြတယ်


စာရွှက်စာတမ်းဆန်ဆန်နေထိုင်ရအောင်လဲ


လက်ရှိက မှင်ရည်ကျဲနေလေရဲ့


ကောင်းကင်ကိုမော့ကြည့်တော့လဲ


အနေအထိုင်မတတ်တဲ့ကြယ်တွေပဲတွေ့တယ်


ခုတလောဘာဖြစ်နေလဲမသိဘူး


ကဗျာဆိုတဲ့ ဟာတွေရေးရေးနေမိတယ်


ဟူးးးးးးးးးးးးးးးး


ဘာဖြစ်နေလဲမသိပါဘူးဆိုမှ


ဒီကဗျာကဘာဖြစ်ဖြစ်နေပြန်တာလဲ ။ ။

***********************************************************************************************************************************
!!! ယုံရတယ်ဆိုတာ မယုံဘူး !!!

ကိုယ့်အကြောင်းကိုပြန်မြင်ဖို့အတွက်



အတ္တ ကိုကွင်းပြင်ကန်ထုတ်မှဖြစ်မယ်



ရူးချင်ယောင်ဆောင်တတ်တဲ့



လူတစ်ချို့နဲ့လဲမိတ်ဆွေဖြစ်ဖူးရဲ့



မျက်နှာကပြုံးနေပြီး



ရင်ဘတ်ကမုန်းနေတဲ့သူငယ်ချင်းတစ်ချို့နဲ့လဲ



ပေါင်းသင်းခဲ့ဘူးရဲ့



စိတ်နဲ့ကိုယ် မကပ်တဲ့အချိန်ကို



ချောင်းမြောင်းတိုက်ခိုက်ဖို့စောင့်နေတဲ့သူတွေနဲ့လဲ



ဘော်ဒါဖြစ်ခဲ့ဘူးရဲ့



ကျောမချခင် ဓါးမြမှန်းသိလိုက်ရလို့လဲ



သူ့ကျောကိုငါပြန်မချခဲ့ပါဘူး



မင်းတို့နဲ့စကားပြောရင်သတိဆိုတာကြီးကိုတော့



ငါ့ကိုယ်နဲ့ကပ်ကပ်ထားမိတာပေါ့



ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင်မယုံနဲ့ဆိုတဲ့စကား



အစကမယုံခဲ့မိတာနောင်တရတယ်



ဘာပဲဖြစ်ဖြစ်လူတစ်ယောက်ဖြစ်နေသရွှေ့တော့



အတုတွေအစစ်တွေနဲ့ ကြုံနေရအုန်းမှာပဲ ။ ။

**********************************************************************************************************************************
♥ အလွမ်းကို မြှောက်ထိုးပင့်ကော်လုပ်နေတဲ့ကဗျာ ♥

မေ့လို့မရတာတွေ မေးတင်ပြီးစဉ်းစားတော့

သောက်သုံးခဲ့တဲ့ အနမ်းတွေက

အလွမ်းကို မြှောက်ထိုးပင့်ကော်လုပ်နေတယ်

တံခါးကိုဖွင့်ပြီးလှမ်းကြည့်လိုက်တော့



ရောင်

က

လဲ့

လဲ့

ဖြာ

လို့

ကြယ်တွေကိုမြင်ရင် မင်းကိုသတိရလို့

ကောင်းကင်ကိုမော့မကြည့်ဖြစ်တာတောင်အတော်ကြာပြီ

တစ်ခါတစ်ခါ အလွမ်းကိုရိုက်ချိုးချင်တဲ့စိတ်တွေကို

တားဆီးပိတ်ပင်တတ်တဲ့

အသိညဏ်တွေကိုမုန်းလိုက်ချင်တယ်

ထိမ်းသိမ်းခဲ့တဲ့စိတ်ဆန္ဒတွေနဲ့

ရင်ဘတ်ကြီးတစ်ခုလုံးလဲလေးလံနေပြီ

သက်ပျင်းတွေပဲချချနေမိတယ်

အော် လွမ်းနေပါတယ်ဆိုမှ

တိမ်တွေကလာငိုပြနေသေးတယ်

လော

က

ကြီး

ရေ

အလွမ်းကို သီးသန့်မေ့လို့ရမဲ့

နည်းလေးရှိရင်မစပါ ။ ။

******************************************************************************************************************************
**** ဆန္ဒ ****

ဘယ်အချိန်များမှ



ဆန္ဒ နဲ့ ဘ၀ တစ်ထပ်တည်းကျမှာလဲ ???



မရေရာတဲ့မသေချာမူတွေအတွက်



ဘယ်နေရာမှာသွားသေချာရမလဲ



ရှေ့ခြေတစ်လှမ်းတိုးဖို့



နောက်ကိုတစ်လှမ်းပြန်ပြန်ဆုတ်နေရတယ်



ဘာမှဖြစ်မလာသေးတော့



ဘာက ဘာ့ကြောင့်ဆိုတာတောင်



ဘာမှန်းမသိတော့ဘူး



နောင်တ တွေကို နောင်မှရမှာစိုးလို့



ခုကတည်းကကြိုရထားလိုက်တယ်



ဘယ်သူမှမမြင်နိုင်တဲ့



ငါ့ရင်ထဲကစိတ်ပျင်းအားတွေကို



ငါကိုယ်တိုင်ပဲပြန်ပြန်မြင်နေရတာမောတယ်



ငါလောဘမကြီးပါဘူး



လောကကြီးရယ်…



ကြယ်လေးတစ်ပွင့်စာ



တောက်ပနိုင်မယ်ဆိုရင်ပဲလုံလောက်ပါပြီ ။ ။



*******************************************************************************************************************************************
♥ငါ့နှလုံးသားကိုငါကိုယ်တိုင်ဘရိတ်အုပ်ဂျွမ်းထိုးမှောက်ခုံဖြစ်ပါရစေ♥

ငါပြောတဲ့စကားတွေ



ငါ့ရင်ကိုပြန်ပြန်မှန်မယ်မှန်းသိရင်



မြိုသိပ်ထားမိမှာပါ…



မြိုသိပ်ထားတာထက်စာရင်



ခဏသာပေါက်ကွဲမှုက



အချစ်ကိုပြာမကြလောက်ဖူးထင်မိလို့ပါ



မယုံကြည်တာမဟုတ်ပါဘူးချစ်သူ



အရိုးစွဲနေတဲ့ အဆိုးမြင်ဝါဒတွေကို



ဆေးကျောနေချိန်မို့ပါ





ငါ့ခံစားချက်ကိုပဲငါဦးစားပေးတတ်တယ်



လို့မထင်စေချင်ဘူးချစ်သူ



ငါခံစားချက်တွေ



ငါ့ကိုပြန်ပြန်မှန်မယ်မှန်းသိရင်



မြိုသိပ်ထားမိမှာပါ…



မြိုသိပ်ထားတာထက်စာရင်



ခဏသာခံစားမှုက



အချစ်ကိုသံသယရှင်းမယ်လို့ထင်မိလို့ပါ





တမြေ့မြေ့နဲ့သတ်နေတာလားဆိုတဲ့စကားမျိုး



မပြောပါနဲ့လားချစ်သူ



အဲ့စကားကရည်ရွှယ်တာ မရည်ရွှယ်တာထက်



ငါ့နှလုံးသားတော့ ဆစ်ကနဲတစ်ချက်နာကျင်သွားတယ်



ငါပြောတဲ့စကားတွေ



ငါ့နှလုံးသားကိုနာကျင်စေမယ်မှန်းသိရင်



မြိုသိပ်ထားမိမှာပါ…



မြိုသိပ်ထားတာထက်စာရင်



ခဏသာနာကျင်မှုက



အချစ်လမ်းကိုဖြောင့်ဖြူးမယ်လို့ထင်မိလို့ပါ





ငါ့အချစ်တွေနဲ့မွန်းကြပ်နေပြီလားချစ်သူ



မင်းအသက်ရူချောင်ဖို့ဆိုရင်



ငါ့နှလုံးသားကိုငါကိုယ်တိုင်ဘရိတ်အုပ်



ဂျွမ်းထိုးမှောက်ခုံဖြစ်ပါရစေ။ ။



*******************************************************************************************************************************************

@@@ ဘိုင့်... ဘိုင် @@@

ကိုယ့်သမာဓိနဲ့ကိုနေပါ

ငါ့အတ္တကလဲမင်းမာနထက်တော့မလျှော့ဘူး

သင်မကောင်းလို့ကျွှန်ုပ်ဆိုးခဲ့တယ်

ဒါကလဲ

ပုတုဇဉ်ပီသချင်လို့လေ

မကောင်းတဲ့အနံ့အသက်တချို့

ငါ့နှာခေါင်းကိုဝင်ဝင်ဆောင့်ပေမဲ့

မင်းကောင်းသေးလို့ ငါမဖောင်းသေးဘူး

ခုတလော

သာပေါင်းညာစားတွေသိပ်ခေတ်စားတာပဲ

ပြောတိုင်းယုံရအောင် ငါကပုတ်သင်ညိုမှမဟုတ်တာ

ခွေးတစ်ကောင်ကိုသတ်ဖို့

နှူးကလီးယား လက်နက်မလိုဘူးလေ

မင်းသွေးကတစ်နာရီကိုဘယ်နှစ်မိုင်နှုန်းနဲ့စီးဆင်းနေလို့လဲ

မှားခဲ့ဖူးတဲ့အမာရွှတ်တွေကိုရေခဲရိုက်ပြီးသိမ်းထားလိုက်မယ်

အများကြီးမပြောတော့ပါဘူး

ပတ်သက်ခဲ့ဘူးတာတွေကို ဒီကဗျာနဲ့ပဲ

ငါ့အဘိဓါန်ထဲက ဆွဲထုတ်လိုက်ပြီ

ဘိုင်.........။ ။

**************************************************************************************************************************************

!!! ငါယုံတတ်တယ် ငါ့ကိုလိမ်ပါ !!!
စေတနာဆိုတာရောင်ပြန်ဟပ်တယ်ဆိုတဲ့
လှောင်ပြုံးတစ်ခုကြောင့်ငါမီးလောင်သွားတယ်
ဒါဟာလဲမရှိမဲ့ရှိမဲ့မာယာတွေနဲ့သူဇတ်သူရေးနေတာ
ထားခဲ့ဘူးတဲ့သံယောဇဉ်တွေလဲတစ်နပ်ပြီးတစ်နပ်
ငါပိုင်တာတွေသူတို့အကုန်ယူသွားတယ်
ခင်ဗျာလဲတစ်နေ့တော့သိမှာပါ
.........စသည်ဖြင့်တွေကိုရောပေါ့
ကြွပ်ကြွှပ်အိပ်တွေနဲ့အတူငါလဲဆွေးမြေ့ဖို့ခဲယဉ်းတယ်
ဒီကိစ္စတွေက ကိုယ့်ကိုကိုယ်ပြန်ညစ်ညမ်းဖို့အတွက်
ဖြစ်လာတာလားဆိုပြီးနှဖူးပေါ်ပဲလက်တင်မိတယ်
ဘာမှတော့မဟုတ်လောက်ပါဘူး
" ဘ၀ " ထဲကမသင်ရသေးတဲ့
သင်ခန်းစာအသစ်တစ်ပုဒ်လောက်ပဲဖြစ်မှာပါ...
နောက်ကျောကိုထိုးတဲ့ဓားဒဏ်ရာလောက်နဲ့တော့
သေဆုံးလို့ဘယ်ဖြစ်အုန်းမလဲ
ပြောသွားတာကတော့ ပြေးသွားသလိုပဲ ဖြောင့်လို့
သူလိုငါလိုလူတွေကြား
ဘာကောင်တွေထပ်ပေါ်လာအုန်းမလဲစောင့်နေသေးတယ်
အေးဆေးပါ ငါလဲရင့်ကျက်သင့်သလောက်ရင့်ကျက်နေပြီပဲ
မယုံရဘူးဆိုတဲ့စကားကငါကိုမျက်စိတစ်ဖက်မှိတ်ပြတယ်
တစ်ခုတော့ပြောခဲ့မယ်
** ငါယုံတတ်တယ် ငါ့ကိုလိမ်ပါ ** ။ ။

******************************************************************************************************************************************

### ခေါင်းစဉ်မပေးတတ်တဲ့ကဗျာ ###

ပန်းတိုင်တစ်ခုကိုရောက်ဖို့

စိတ်ပြင်းအားတွေလိုသလို

ကဗျာတစ်ပုဒ်ဖြစ်မြောက်ဖို့

ရင်ဘတ်တစ်ခုလိုတယ်



ခြောက်တိခြောက်ကပ်ဘ၀တစ်ခု

ကပေါက်တိ ကပေါက်ချာအတွေးတစ်ချို့နဲ့

လျှောက်မိလျှောက်ရာလှမ်းမိတော့

ရင်ခွင်ထဲမှာ မီးပျက်နေတယ်



ဖြတ်သွားဖြတ်လာစိတ်ဓါတ်တွေနဲ့

ဟိုမရောက်ဒီမရောက် မာနတွေ

ဆောင်းအကုန်က နွေအကူးနဲ့

မျောလွင့်သွားပြီ...



တစ်ထပ်တည်းမကျနိုင်တဲ့ အယူအဆတွေအတွက်

မျက်နှာလွှဲပြီး ခဲပစ်လိုက်တယ်

ခပ်ဝေးဝေးကလှမ်းကြည့်တဲ့

ဖြစ်ကတတ်ဆန်း အမြင်တွေနဲ့ ငါ့ကဗျာ

အစီအငေါ်တည့်ဖို့လိုမယ်မထင်ဘူး



ငါ့ကိုရည်ညွှန်းတဲ့စကားလုံးတချို့အတွက်

သူသူ ငါငါ ခွဲခြားထားတယ်

ပြန်စဉ်းစားကြည့်မိတော့

အတိတ်ကိုလက်ဖျားခါလိုက်တယ်

ငါဘာကောင်လဲဆိုတာကတော့

ပြက္ခန်ဒိန်ပေါ်ကခြေရာတွေကသက်သေပြလိမ့်မယ်...။ ။

*************************************************************************************************************************************

သင့်ရင်ထဲမှာအလွမ်းတစ်ခုပီသနေရင်ငိုသာချလိုက်


ကိုယ်ဝယ်ထားတဲ့နာရီနဲ့

ကိုယ်ကိုတိုင် အချိန်ကို

လုပ်ချင်သလိုသာ လုပ်လို့ရရင်

ဟိုတစ်ခါမင်းနဲ့တွေ့ကတည်းက

ငါ့နာရီကိုစက်ရပ်ထားလိုက်တယ်...



ခက်တာကခုငါလွမ်းနေရပြန်ပြီချစ်သူရေ

အလွမ်းတွေကဗျာထဲထည့်ရင်ကဗျာကညံ့သွားရောလား

အလွမ်းတွေကိုကဗျာထဲကထုတ်လိုက်ရင်ကဗျာကကောင်းသွားရောလား

ငြင်းခုန်ရတာမောတယ်၊ရှင်းပြရတာမောတယ်၊

ချစ်ရတာမောတယ်၊လွမ်းရတာမောတယ်



ဘာဖြစ်လို့ဒီကဗျာက ဆွေးရိပ်သန်းသွားရတာလဲ

ပါးပါးလျလျနှုတ်ခမ်းတစ်စုံက

အနာဂတ်ကြီးတစ်ခုလုံးကိုပိုင်ဆိုင်တယ်ဆိုရင်

ခင်ဗျားတို့အံသြကြမလား?



ကဗျာကိုအစကနေပြန်ဖတ်မကြည့်နဲ့မိတ်ဆွေ

သင့်ရင်ထဲမှာအလွမ်းတစ်ခုပီသနေရင်ငိုသာချလိုက် ။ ။

*******************************************************************************************************************************************

မှတ်ချက်



ကဗျာထဲကိုဝင်မလာရ



လမ်းလွဲမှာမောင်းပါ...



ဒီအတိုင်းမထားခဲ့ပါနှင့်



အတိတ်တွေကိုခေါက်ပြီးသိမ်းထားရတာ



ပျင်းခြောက်ခြောက်နဲ့...



မှတ်ချက်



အယူဝါဒကြိုးတွေနဲ့မချဉ်နှောင်ပါနဲ့



မျက်နှာလွှဲပြီးခဲနဲ့ပစ်မှတော့ဘယ်သူ့မှန်မှန်ပေါ့



ဒုတ်ထိုးအိုးပေါက်ကိုယ်ကျင့်တရားတွေ



ဘယ်ရောက်သွားပြီလဲ



ခင်ဗျားတို့မကောင်းဆိုးရွှားကိုမြင်ဘူးကြလား



မမြင်ဘူးရင်ရှေ့ကအခန်းထဲဝင်ကြည့်လိုက်



မကောင်းဆိုးရွှားတွေရဲ့မကောင်းကြောင်းကို



ရှင်းပြနေတယ်...။ ။

***************************************************************************************************************************************
မြင်အောင်ကြည့်ပါ မမြင်အောင်ကြည့်ပါ

နေ့ပြီးတော့ညနဲ့



ဈနောက်ကညဘာကွာလဲ



ညတော့ညပဲ



ချိုင့်ဝှမ်းထဲမှာ မျက်ရည်တွေဝှက်ထားတဲ့



နတ်သမီးတစ်ပါးနေတယ်



အရာရာဟာစွမ်းအင်ငတ်မွတ်မူ့အတွက်



ပေါက်ကွဲမူ့ကိုလိုအပ်နေတာလား



မပြောနဲ့ ကမ္ဘာကြီးရေ..



ဒီအဖြစ်အပျက်တွေသိမ်းထား



ရင်ဘတ်ထဲမှာသိမ်းထား



နောက်ထပ်ဆိုတဲ့စကားလုံးကို



ဟိုးနောက်မှာသွားထပ်ထားလိုက်တော့



ငါ့လက်ထဲကတစ်လက်လက်ထနေတဲ့



တောက်လောင်ခြင်းတွေမင်းမြင်လို့လား



လက်ရှိမှာရာသီဥတုကောင်းမွန်ကြောင်း



ထောက်ခံစာမလိုဘူး



ငါ့နှလုံးသားကို ဒီမိုကရေစီလာမပေးနဲ့



အတွေ့တွေနဲ့ကြုံခဲ့တုန်းက



မှားခဲ့တဲ့အမာရွှတ်တွေရေခဲရိုက်ပြီးသိမ်းထားတယ်



ရူရှိုက်လိုက်တဲ့လေထုက ဖုန်နံ့သင်းနေရဲ့



ဟော..............ဟိုမှာ



မြင်အောင်ကြည့်ပါ မမြင်အောင်ကြည့်ပါ



ဘာတွေဖြစ်နေလဲ ဘာတွေဖြစ်နေလဲ



ဘာလဲ ဘာတွေဖြစ်နေတာလဲ



ဘာတွေဖြစ်နေပြီလဲ ။ ။

*****************************************************************************************************************************************

ကံတရားတဲ့လား ကိုယ့်အထာနဲ့ကိုနေစမ်းပါ
လူမှန်းသိတတ်စကတည်းက
ရှိလာတဲ့အတွေးအခေါ်တချို့
ဆက်သွယ်မူ့ဧရိယာပြင်ပရောက်နေတာလား
ရှိစုမဲ့စုအလင်းရောင်နဲ့အသက်ဆက်နေရတဲ့
မြို့တစ်မြို့ရဲ့ ဟန်ဆောင်မူ့တွေက
ငါပိုင်တာတွေအကုန်ယူသွားတယ်
လက်သီးကိုတင်းတင်းစုပ်ပြီး မျှော်ကြည့်မိတော့
ကျိုးပဲ့နေတဲ့လှေကားတစ်စင်းပဲတွေ့တယ်
လိုချင်တာကိုရဖို့ကောင်းကင်ကိုလက်ဖြန့်မတောင်းတော့ဘူး
မသေချာမူ့နဲ့မသိတတ်မူ့ကိုစိန်ခေါ်ပြီး
ဘာလဲလို့လဲ ငါမမေးတော့ဘူး
ဘယ်သူကသိမှာလဲ အရေးတယူမရှိတဲ့သက္ကရာဇ်တွေကို
ဘာမှာလဲ ဘာမှာလဲ
လောကကြီးကိုစောင့်ကြပ်တဲ့နတ်လိုလိုဘာလိုလိုအကောင်တွေ
အိုးးးးးးးးးးးးးးဟိုးးးးးးးးးကံတရားတဲ့လားး
ကိုယ့်အထာနဲ့ကိုနေစမ်းပါ...
အားမလိုအားမရဘ၀နှစ်ခုကို
တစ်ခုတည်းဖြစ်အောင်ဖန်တီးချင်တဲ့ဆန္ဒတစ်ခုနဲ့
နေ့ရက်တွေကိုစားသုံး ၀ရုန်းသုန်းကားဖြတ်သန်းနေတယ်
အိုးးးးးးးးးးးဟိုးးးးးးးးးးကံတရားတဲ့လား
ကိုယ့်အထာနဲ့ကိုနေစမ်းပါ ။ ။

*****************************************************************************************************************************************

### ဒီမှာသူငယ်ချင်း###

ဒီမှာသူငယ်ချင်း

ငါကတော့အမြင်မတူတာတွေကို

တူအောင်ငြိလို့မရမှန်းသိတဲ့အခါ

တူတာတွေကိုပဲလိုက်ကြည့်မိတယ်...

ဒီမှာသူငယ်ချင်း

အားလုံးကိုသည်းခံတိုင်းမကောင်းဘူးဆိုတဲ့အသိ

ငါ့ဦးနှောက်မှာအမြစ်တွယ်နေတော့

လူငယ်စိတ်နဲ့မေးမိတယ်

မင်းဘာကောင်လဲ.....

ဒီမှာသူငယ်ချင်း

ဆရာအထာတော့လာမလုပ်နဲ့

ဝေးဝေးနေပါ" ၀"မရှိတဲ့ "၀ိ"တွေအတွက်

ငါအော့အန်ချင်ရဲ့

ဒီမှာသူငယ်ချင်း

အနေအထားမတူတဲ့ ရှင်သန်မူ့တွေအတွက်

အထာတစ်ခုတော့ထားသင့်တယ်...

ဒီမှာသူငယ်ချင်း

ခုတလောမြင်နေရတဲ့အရာတချို့အတွက်

ငါ့မျက်စိတွေဆံပင်မွှေးစူးစူးနေတယ်...

ဘာပဲဖြစ်ဖြစ်ငါကတော့နောင်တမရတတ်တဲ့

လူငယ်တစ်ယောက်လို ဟာသနဲ့နေမယ်....

ဒီမှာသူငယ်ချင်း

မတူညီတဲ့အသက်အရွှယ်တချို့အတွက်

ငါ့ဦးနှောက်ကိုပေတံနဲ့လာလာမတိုင်းနဲ့

ဒီမှာသူငယ်ချင်း

ငါကတော့...ဖြစ်ချင်တဲ့အနေအထားတစ်ခု ဖြစ်မလာသေးရင်

ဖြစ်နေတဲ့အနေအထားမှာပျော်အောင်နေကြည့်တယ်...

ဒီမှာသူငယ်ချင်း

ငါကတော့လူငယ်တစ်ယောက်ကိုလမ်းပြဖို့အတွက်

ဆရာကောင်လိုမနေဘူး

ဘော်ဒါတစ်ကောင်လိုပဲနေတယ်...

ဒီမှာသူငယ်ချင်း

ငါကတော့ မီးဟုန်းဟုန်းတောက်နေတဲ့

လူငယ်တစ်ယောက်ရဲ့စိတ်ဓါတ်ကိုရေနဲ့ညိမ်းပြီး

လမ်းမပြဘူးးးးးးးးးးးး

သူတို့နဲ့အတူမီးဟုန်းဟုန်းလိုက်တောက်တယ်...

ဒီမှာသူငယ်ချင်း

ဒီကဗျာကို ဒီလူရေးတယ်

ဒီလူ ဘာကောင်လဲမမေးနဲ့......။ ။

*******************************************************************************************************************************************
!!!သူသာအနားနားရှိရင်(ချစ်သူများနေ့အမှတ်တရကဗျာ)!!!

ကဲချစ်သူရေ

ငါ့လက်ကိုမြဲမြဲကိုင်ထားနော်

အနာဂတ်ကို

မျှော်လင့်ချင်းယဉ်ပျံကြီးစီးပြီး

ခရီးထွက်ကြမယ်လေ…

အဲဒီကိုရောက်ရင်

အတိတ်ကိုနားရင်းဖျတ်ရိုက်ပြီး

ပစ္စုပန်ကိုဒူးထောက်ခိုင်းမယ်…

ပြီးတော့ ကြယ်လေးတွေကိုဇယ်တောက်ကစား

လမင်းနဲ့နေမင်းကိုနေရာခဏရွှေ့ထားကြည့်မယ်

ချစ်သူ ငါ့လက်ကိုမလွတ်နဲ့နော်

ကမ္ဘာကြီးကိုတစ်ချက်လောက်ကိုင်ပေါက်ကြည့်မလို့

ဝါးးးးးးးးးးး

ဘာဖြစ်တာပါလိမ့်ချစ်သူလက်ကိုကိုင်ဆွဲထားယုံနဲ့

ခြေထောက်ကမြေကြီးနဲ့လွတ်လွတ်နေတယ်…

ချောကလက်တစ်ကိုက်လေးစားလိုက်တာ

တနေ့လုံးအားအင်တွေပြည့်လို့ ။ ။

***********************************************************************************

သူငယ်ချင်းအားလုံးကိုအမှန်အကန်လေးစားချစ်ခင်တဲ့

ဒီလူ(တောင်တွင်းကြီး)