♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Sunday, January 12, 2014

*ဤသို့လုပ်လိုက်သည်*

သမိုင်းကြိုသမိုင်းကြားမကျန်လိုက်ရှာတာတောင်လွတ်လပ်ရေးကိုမတွေ့ဘူး

စာရွက်ပေါ်မှာ လွတ်လပ်ရေးရ
စာရွက်ပေါ်မှာငြိမ်းချမ်း
စာရွက်ပေါ်မှာ ကယ်တင်
စာရွက်ပေါ်မှာ တိုးတက်
စာရွက်ပေါ်မှာ မျိုးချစ်
စာရွက်ပေါ်မှာ ကြေကွဲ
စာရွက်ပေါ်မှာကတိပြု
စာရွက်ပေါ်မှာရောင်းစား
စာရွက်ပေါ်မှာဝေဖန်
စာရွက်ပေါ်မှာ
စာရွက်ပေါ်မှာ
စာရွက်ပေါ်မှာ
စာရွက်ပေါ်မှာ
စာရွက်ပေါ်မှာဒီမိုကရေစီရ
စာရွက်ပေါ်မှာရင်းနှီးမြုပ်နှံ
စာရွက်ပေါ်မှာလက်မှတ်ထိုးပြီး သစ္စာဖောက်လိုက်တယ် ။

ဒီလူ(တောင်တွင်းကြီး)

“ဘ” ကုန်းရေး “ဘ” “၀”လုံးရေး “၀”

ငါကသက်ဦးစနေလေ
မီးလိုမွှေမမွှေကတော့မင်းအယူအဆနဲ့မင်း
ဓါးပေါက်ကျင့်ကြည့်ပေါ့။

တစ်ယောက်ကိုတစ်ယောက်
သံသယတွေနဲ့ပစ်ပေါက်နေတဲ့ခေတ်ကြီးထဲမှာ
မင်းက ဘယ်အမှန်တရားကိုလိုချင်တာလဲ။

ပုန်းနေတဲ့ လေညှင်းကိုမျှော်မဲ့အစား
ကိုယ့်အတွေးကိုယ်လက်ထိုးအန်လိုက်တာမှ
ရင်ထဲပေါ့သွားအုန်းမယ်။

မင်းလဲရေးချင်တာရေး ငါလဲဖတ်ချင်တာဖတ်နဲ့
ဖတ်ဖတ်ကိုမောလို့။

အချိန်ရှိတိုင်း ချိန်နေရတဲ့ ပစ်မှတ်တွေ
မှန်ပေါ်က အမှန်တရားတွေကြောင့်
မင်းကော ငါကော စာမေးပွဲကျတယ်။

“ဘ” ကုန်းကော “၀” လုံးကောမီးမလင်းဘူး ။

ဆုံလည်ကုလားထိုင်ပေါ်က သခိုးကြီးကိုပြောလိုက်ပါ

ငါ့ “ည”တွေပြန်ပေးဖို့ နဲ့

မင်း “လ” ကိုနေရာမရွှေ့ဖို့

ဟိုတစ်နေ့က ဟိုက်စပိနဲ့ပြေးထွက်သွားတဲ့
အနာဂတ်ကလဲ ဘရိတ်ဖမ်းလို့မရ

မင်း နဲ့ ငါ နဲ့ စာမေးပွဲကျတယ်။

“ဘ” ကုန်းကော “၀” လုံးကော မီးမလင်းဘူး ။  ။

ဒီလူ(တောင်တွင်းကြီး)

Friday, December 6, 2013

♥*´`*•.¸♥...♥ စာမျက်နှာ သစ် ♥*´`*•.¸♥...♥

ဟိုတစ်နေ့ ညက မင်းစိတ်ကလေးထဲ ငါ့စိတ်သေးသေးလေး
ခိုအောင်းနေတာသိလိုက်ရတော့ ငါ့ဆန္ဒတွေအမောက်ထောင်သွားတယ် ကေဇင်
မှားခဲ့ဘူးတဲ့ အမှန်တရားတွေအတွက် ငါတို့ ရက်ရက်စက်စက်
ပျောက်ဆုံးကြတာပေါ့.....
ဘယ်သူမှမသိတဲ့ ငါတို့ စိတ္တဇ ကို အိတ်အပေါက်နဲ့ပဲ
လိုက်ကောက်တာပေါ့ ကေဇင် ...

မချိုခဲ့သမျှ ခါးပါစေပေါ့

ဘာကိုမှ အယုံအကြည်မရှိတဲ့ ငါဟာ ငါ့စိတ်သေးသေးလေးအတွက်
ဘာယတြာ ချေရမလဲ ကေဇင်...

ခါးခဲ့သမျှ ချို ပါစေပေါ့

ငါ့မှာမျက်တောင်ကော့ကော့လေးအပြင် ၀တ္တရား(၅)ပါး ထပ်တိုးတော့မယ် ကေဇင်...
မင်းမျက်နှာလေး ချောင်ကျသွားတာကလွဲရင်
(အရာအားလုံး)ဟာ ကျေးဇူးတင်စရာကောင်းပါတယ်
မရေးရသေးတဲ့ ကဗျာ က ရေးပြီးသား ကဗျာ တွေထက် ပိုကောင်းတယ် ကေဇင်...

ရင်ခုန်သံတွေ မြန်ပါစေပေါ့

ငါတို့ကြီးပြင်းမှုနဲ့ငါတို့    အရသာရှိပြီးသားပါကေဇင်...
ဘယ်အရပ်ကလာလာ ငါတို့နှစ်ယောက်ရဲ့ဖူးစာ
ရေမရောထားဘူးဆိုတာ ကန်ဘောင်ပေါ်က ကုက္ကိုလ်ပင်ကြီးတောင်သိတယ်

တို့နှစ်ယောက်ကိုယ်ငွေ့နဲ့ ငါတို့စိတ်သေးသေးလေး နွေးပါစေပေါ့

ငါတို့မဖြစ်ခဲ့တဲ့ဆန္ဒတွေပေါင်းပြီး သူ့ကောင်းကင်မှာသာခိုင်းတာပေါ့ကေဇင်...

အောင်မြင်ပါစေပေါ့

မမြင်ရသေးတဲ့မနက်ဖြန်တွေအားလုံး ချို့ယွင်းချက်မရှိ လှတယ် ။   ။


ဒီလူ(တောင်တွင်းကြီး)

*လူသေတစ်ကောင် ရဲ့ ကယောင် ကတမ်း ကိစ္စ* ဒီလူ (တောင်တွင်းကြီး)

ကျွန်တော်ကိုကျွန်တော်ရေထဲကန်ချလိုက်တာ
ပြန်ပေါ်မလာတော့ဘူး...........ဟုတ်တယ်
မနေ့ကတောင်သတင်းနားထောင်နေတဲ့ နား ကို ခြင်တစ်ကောင်ဖြတ်ကိုက်သွားသေးတယ် .....
တော်သေးတာပေါ့
ကိုယ်ကအစကတည်းက
သေပြီးသားဖြစ်နေလို့။

စာရွက်ပေါ်ကအမှန်တရားကပန်းကန်ပြားပေါ်မှာထထခုန်တယ်

မရှိတဲ့ လမ်း မှာ ပန်းတွေဝေလို့

ခင်ဗျားဦးနှောက်ကတစ်နာရီဘယ်နှစ်မိုင်နှုန်းမောင်း
နိုင်လို့လဲ
ကိုယ့် ကိစ္စကိုထမ်းပြီးအိမ်
ထဲပြန်ဝင်စမ်းပါဗျာ
အရေပြားပေါ်ကတက်တူးက အယားပြေအောင်ထိုးထားတာမဟုတ်ဘူး
ခေတ်ကာလကပုံပြင်နား
ထောင်ရတာဝါသနာမပါ
တော့ခင်ဗျားမသိတဲ့မနက်ဖြန်တွေအတွက် ဓါးတစ်ချောင်း
ကြိုသွေးထားပါ
ကိုယ့်ကို ကိုယ်ကာကွယ်ဖို့ဖြစ်ဖြစ်
ဘာအပိုတွေပြောနေစရာလိုလဲငါ့ကောင်ရယ်
သူ့အင်ပါယာနဲ့သူပေါ့
ကိုယ်ကောင်းတယ်ဆိုပြီးရွှေ့ မရတဲ့ခေါင်းက ၁၉ရာစုနှောင်းပိုင်းမှာကျန်ခဲ့ပြီ ...

မင်းတို့ကိုးကွယ်တဲ့ ဆရာကြီး ကို ရန်ကုန်လမ်းညွှန်ထဲမှာ
လိုက်ရှာတာမတွေ့ဘူး

တော်သေးတာပေါ့......
ကိုယ်ကအစကတည်းက
သေပြီးသားဖြစ်နေလို့။

ငါတို့ကမ္ဘာကြီးမှာ

ဒုက္ခတွေပိုများလာ

ရေပေါ်ဆီတွေပိုများလာ

နိုင်ငံရေးတွေပိုများလာ

ဘာသာရေးတွေပိုများလာ

သာရေးတွေပိုများလာ

နာရေးတွေပိုများလာ

တော်သေးတာပေါ့.....

ကိုယ်ကအစကတည်းက
သေပြီးသားဖြစ်နေလို့။

ခင်ဗျားလဲစိတ်ပါလက်ပါ
သေကြည့်လေ
လူသေလူဖြစ် ငါသေ ငါဖြစ်ပေါ့
ဝိုးးးးးးးးးးးးး
ခုမှသတိရတယ်
ခင်ဗျားကော ကျုပ်ကောသေလို့မရသေးဘူး
စောက်ရေးမပါတဲ့စောက်လုပ်ဇတ်တွေကြည့်ပြီး
စောက်ကြီးစောက်ကျယ်
တွေပြောရအုန်းမယ်

မရှိတဲ့လမ်းမှာပန်းတွေဝေလို့ ။ ။

ဒီလူ (တောင်တွင်းကြီး)

Sunday, August 18, 2013

//#ဘေးထွက်ဆိုးကျိုး//#

ကဗျာကမှတ်မိသလောက်တော့ ဒီမှာပြီးသွားတယ်
အစတုံးကတော့ ရမ်းသမ်း သုံးစွဲကြည့်တာပဲံ
ဟို ပါးစပ်ပေါက်ထဲဝင်သွားတဲ့ ပူစီလေးလိုလို ဘာလိုလို
ခုတစ်လောလူပြောများတဲ့ မျိုးချစ်စိတ် ဆိုတာ
အဲ့ဒါလားတဲ့ဗျာ....

ဘယ်မှာသွားသွေးပျက်ရမှန်းမသိဘူး

ကိုယ့်သမိုင်းကို အိပ်ထဲထိုးထည့်ပြီး
ကမ္ဘာကြီးကို ကလိထိုးပြစ်လိုက်တယ်
ခင်ဗျား သိတဲ့အတိုင်းပဲ လူ့အခွင့်အရေးဆိုတာခေတ်မစားခင်က
ရင်ပတ်ကိုစည်လုပ်တီးကြတာပဲ...

ဒီဟာလာဟင်းလင်းကြီးကတဖြည်းဖြည်းမှောင်မှောင်လာတယ်

ပြီးခဲ့တာတွေ ကရင့်မှည့်လို့
ဘာစိတ်မချစရာရှိလဲ
နေ့/ည ရင်ခုန်သံတဂျုန်းဂျုန်းနဲ့
ရောဂါပဲ မင်းနာမည် အိပ်မက်ထဲမှာမေ့ကျန်ခဲ့ပြီ....

မှတ်မိသလောက်တော့ကဗျာက ဒီမှာစတာပဲ
နောက်ဆုံးတော့ဘန်ကီမွန်းဆိုတဲ့ငနာလဲ
မျက်နှာကြီးရာပါတဲ့ဟင်းဖတ်ပဲ...

သူတို့ဟိုလိုလို ဒီလိုလို လုပ်နေပြီ
ခင်ဗျားတို့ ကျုပ်တို့ ဘာလုပ်ကြမလဲ?
မြင်သမျှ စိမ်းနေကြမှာလား?

ဒီနားရောက်တိုင်းသတိထားမောင်းပါပြောထားရက်နဲ့ဗျာ..

ဘာလဲကွာ ..... ပြောမနေပါနဲ့တော့
ယူစရာ သံဝေဂမှ မရှိတာ
ကင်မရာရှေ့မှောက်လဲသွားတဲ့လူကြမ်းကို
လက်ဆွဲနှုတ်ဆက်လိုက်ပါ

သေလို့ရပြီ မိတ်ဆွေ..။    ။


ဒီလူ(တောင်တွင်းကြီး)

@ ကဗျာ တစ်ပုဒ်ရေးနေသည် ကဗျာမဟုတ်@

ကဗျာတစ်ပုဒ်ရေးနေသည်

ဖတ်ဖို့ မဟုတ်

ကဗျာတစ်ပုဒ် ရေးနေသည်

မော်ဒန်မဟုတ် ပို့စ်မော်ဒန်မဟုတ်

ဘာသာစကားမဟုတ် ကွန်ဆက်ချူရယ်မဟုတ်

ကဗျာတစ်ပုဒ် ရေးနေသည်

လူ့အခွင့်အရေး မဟုတ်

စစ်ပွဲ မဟုတ် ငြိမ်းချမ်းရေး မဟုတ်

ဒီမိုကရေစီ မဟုတ်

၈၈၈၈ မဟုတ်

NlD မဟုတ် ကြံ့ခိုင်ရေးမဟုတ်

နိုင်ငံရေး မဟုတ် ဘာသာရေး မဟုတ်

ဦးသိန်းစိန် မဟုတ် ဒေါ်စု မဟုတ်

ပတ်ဝန်းကျင် မဟုတ်

ကမ္ဘာကြီး မဟုတ်

အချစ်အကြောင်း မဟုတ်

အစစ်အကြောင်း မဟုတ်

အမှန် မဟုတ် အမှား မဟုတ်

အက္ခရာ မဟုတ် ဝါကျ မဟုတ်

ကဗျာ တစ်ပုဒ်ရေးနေသည်

ကဗျာ မဟုတ် ။ ။

ဒီလူ(တောင်တွင်းကြီး)

Wednesday, March 6, 2013

@ သို့... ပစ္စုပန် မှ... အနာဂတ် @


ဘာကြီးလဲ
မနက်အိပ်ယာထ မျက်နှာသစ် ညအိပ်ယာဝင်ခြေထောက်ဆေး နဲ့
ဟိုနေရာမှာ စစ်ဖြစ်နေတယ် ဟိုနေရာမှာ စေ့စပ်ညှိနှိုင်းနေတယ်..
ဆိုသူကဆို ငိုသူကငို ပျော်သူကပျော် အော်သူကအော်
ငါတို့ နေနေကြတာ နေမပူဘူးလား ၊
ကိုယ့်အရိပ်ကိုဆုပ်ဖြဲပစ်ပါ ။

မင်းလဲလူပဲ သားကြီးရာ လက်ဘက်ရည်ဖိုးပိုက်ဆံတတ်နိုင်ရင်
လ ကမ္ဘာကို အချိန်ပိုင်းတက်သိမ်းလို့ရတယ်...တစ်ခုခုဆို ဆုတောင်းလိုက်ပေါ့ ။

ငါတို့ဟာ ငါတို့ ကဗျာတွေလိုပဲ ဘယ်တံဆိပ် ရိုက်နှိပ်ရမှန်းမှမသိတာ
နှာခေါင်းကထွက်တဲ့ နှပ်ချေးဖတ်နဲ့ အိုဇုန်းလွှာလဲတက်မဖာနိုင် ။

သွေးပြန်ကြော  တချို့ အေးခဲကုန်ပြီ သူငယ်ချင်း ။

မင်းမသိလိုက်ဖူးမဟုတ်လား
ဟိုတစ်နေ့က မိုးလေ၀သ သတင်းထဲမှာ ဇတ်လမ်းဆုံးသွားတဲ့အမှတ်အသားတစ်ခုအကြောင်း
အတိုချုံးပြောရရင် ငါ့အသက် ၂၉ နှစ် ပြည့်တော့မယ်သူငယ်ချင်း မင်းလဲသေးသေးလေးမှ
မဟုတ်တော့တာ ပြက္ခဒိန်ကိုင်ပြီး တက်စရာရှိတက် ဆင်းစရာရှိဆင်းကြယုံပေါ့ ။

နောက်ကကျော်တက်သွားတာက မင်းမသိသေးတဲ့ မနက်ဖြန်တွေပဲဖြစ်ပါလိမ့်မယ်
ဘာစိတ်ပူနေစရာလိုလဲ သူငယ်ချင်းရယ် ငိုစရာတွေ့ ငို ပျော်စရာတွေ့ပျော်
၀၀ လင်လင်အိပ်မက်မက်ကြတာပေါ့ ။

အနည်းဆုံးတော့ တံခါးပိတ်တတ်မှာပါ...
ခင်ဗျားအတွက်အဆင်သင့်ဖြစ်နေပါပြီ ဘာညာပေါ့ ။

ပြီးတော့လဲ လူပျောက်ကြော်ငြာထဲကလူလို ရောက်ရာအရပ်ကပြန်လာ
တကယ်တော့အစကတည်းက မလိုတမာ စကားပြောမဲ့အစား အသက်ကို
အပ်ချည်ကြိုးနဲ့ဆွဲချုပ်လိုက်ရမှာ။

လူပြောသူပြောများတဲ့ တချို့ ကိစ္စတွေကဘာမှမဟုတ်ဘူးသူငယ်ချင်း ။

အရင်လိုပဲအချိန်တွေက အပြောင်းအလဲမြန်တုန်းပဲ... ခုဆိုငါတို့ကမ္ဘာကြီးက
အရင်ထက်ပိုပူလာပြီ ...မင်းမေ့နေလို့ဖြစ်မှာပါ သေသွားတဲ့ ငါတို့သူငယ်ချင်းလဲ
ရေကူးတတ်တယ်ဆိုတာ ။

လူတိုင်းလူတိုင်း တစ်ယောက်ပါးစပ်ပေါက်ထဲတစ်ယောက်ဝင်ရောက်ပျောက်ကွယ်သွားပုံ
မြွေလည်းမကြောက် ကင်းလည်းမကြောက် ကိုယ့်ပေါင်ကိုလှန်ထောင်းပြီး
အသက်ကိုလုရှင်ကြရတယ်...ဘာကြီးလဲ မနက်အိပ်ယာထ မျက်နှာသစ်
ညအိပ်ယာဝင်ခြေထောက်ဆေးနဲ့ ... ။    ။

                                                                  ဒီလူ(တောင်တွင်းကြီး)